International News

အိန္ဒိယနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီအကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ကို မကြာခင် အမှန်တကယ်ချုပ်ဆိုနိုင်ရန် မျှော်လင့်

Last Updated:

အိန္ဒိယနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်‌ရေးကောင်စီ (Gulf Cooperation Council) တို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ရေး ဆွေး‌နွေးမှုများပြန်လည်စတင်နေပြီဖြစ်ကြောင်းနှင့် ယင်းဆွေးနွေးမှုသည် နှစ်နိုင်ငံလုံးအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များရရှိနိုင်မည်ဖြစ်သဖြင့် ယင်းဆွေးနွေးမှုများမှတစ်ဆင့် မကြာမီ အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မျှော်လင့်လျက်ရှိသည်ဟု အိန္ဒိယနိုင်ငံ၏အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားထားကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါ သည်။

လက်ရှိဖြစ်ပေါ်နေသောအခြေအနေများအရ နိုင်ငံအများစုသည် နိုင်ငံခြားငွေကြေးဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများကိုရင်ဆိုင်နေရသဖြင့် ရူပီးဖြင့်ကုန်သွယ်မှုနှင့်ကုန်စည်ဖလှယ်သည့်စနစ်ကဲ့သို့ အခြားသောငွေကြးပေးချေမှုလုပ်နည်းစနစ်များကို ကုန်သွယ်ဖက်နိုင်ငံများနှင့်လည်း ဆွေးနွေးလျက်ရှိသည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ ကောင်စစ်၊ နိုင်ငံကူးလက်မှတ်၊ ဗီဇာနှင့် ပြည်ပရောက်အိန္ဒိယနိုင်ငံသားများရေးရာဌာနအတွင်းဝန် Ausaf Sayeed က ပြောကြားထားပါကြောင်းလည်း ဖော်ပြထားပါသည်။

GCC သည် ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ ကူဝိတ်၊ အိုမန်နှင့် ဘာရိန်း စသည့်နိုင်ငံ ၆ နိုင်ငံပါဝင်သည့်အဖွဲ့ဖြစ်ပါကြောင်း၊ အာရပ်ဒေသသည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အစုအဖွဲ့ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၄၀ ဘီလီယံကျော်အထိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ GCC အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုသီးသန့်မှာ အမေရိကန်ဒေါ်လာ ၁၈၄ ဘီလီယံကျော်ရှိပါကြောင်းနှင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ယူအေအီးသည် အိန္ဒိယနိုင်ငံ၏ တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဆော်ဒီအာရေဗျသည် စတုတ္ထမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယနှင့်အာရပ်နိုင်ငံများအကြား အဓိကပူးပေါင်းဆောင်ရွက်သည့်ကဏ္ဍများမှာ စားနပ်ရိက္ခာဖူလုံရေး၊ ကုန်စည်စီးဆင်းလည်ပတ်မှု(supply chain)၊ ကျန်းမာရေးနှင့် ဆေးပစ္စည်း၊ စွမ်းအင်လုံခြုံရေး၊ ဟိုက်ဒရိုဂျင်စွမ်းအင် (Green Hydrogen) အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ၊ Chips and Semiconductors၊ ဘဏ္ဍာရေးနည်းပညာ(Fintech)နှင့် ပညာရေးနည်းပညာ(Edtech)များဖြစ်ပါကြောင်း၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုနှင့်ဖျော်ဖြေတင်ဆက်မှုကဏ္ဍ ၃ ခုသည် အလားအလာကောင်းများစွာရှိသဖြင့် နိုင်ငံအများစုသည် အဆိုပါကဏ္ဍများတွင် အိန္ဒိယနှင့်ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်လျက်ရှိကြသည်ဟု Sayeed က ပြောကြားထားကြောင်းလည်း The Economic Times က ဖော်ပြထားပါသည်။

အိန္ဒိယသည် ယူအေအီးနိုင်ငံနှင့်လည်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (Comprehensive Economic Partnership Agreement-CEPT)ကို လက်မှတ်ရေးထိုးထားပြီး ထိုသဘောတူညီချက်သည် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှ စတင်အသက်ဝင်‌ဆောင်ရွက်နေပြီဖြစ်ပါကြောင်းနှင့် သဘောတူညီအချက်အရ အကောက်ခွန်လိုင်းအားလုံး၏ ၉၇ ရာခိုင်နှုန်းကျော်မှာ ဦးစားပေးဈေးကွက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများ ပေးအပ်ထားပါကြောင်းလည်း သိရှိရပါသည်။

အလားတူ အိန္ဒိယနှင့် GCC တို့သည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အပြီးသတ်နိုင်ရေး ဆွေးနွေးမှုများပြန်လည်စတင်နေပြီဖြစ်ပါကြောင်း၊ လိုအပ်သည့်စာရွက်စာတမ်းများကို ကြိုတင်လဲလှယ်ဖြန့်ဝေထားပြီး ကိုယ်စားလှယ်အဖွဲ့များနှင့်တွေ့ဆုံနေကြပြီဖြစ်သဖြင့် မကြာမီအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းသစ်များဖော်ဆောင်နိုင်ရန် မျှော်လင့်ထားသည်ဟု ပြည်ပရေးရာဝန်ကြီးဌာနအတွင်းဝန်က ပြောကြားထားကြောင်း သိရှိရ ပါသည်။

အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(FICCI)က ဦးစီးကျင်းပသည့် India-Arab Partnership Conference အစည်းအဝေးတွင်လည်း အတွင်းဝန်က လက်ရှိအခြေအနေတွင် နိုင်ငံအများစုသည် နိုင်ငံခြားငွေကြေးနှင့်ပတ်သက်၍ စိန်‌ခေါ်မှုအခက်အခဲတစ်ချို့ကို ရင်ဆိုင်နေရသဖြင့် ကုန်သွယ်မှုတွင် ငွေကြေးတစ်မျိုးတည်းအပေါ် မှီခိုနေခြင်းအစား အခြားသောနည်းလမ်းရှာဖွေမှုအနေဖြင့် ကုန်စည်လဲလှယ်ခြင်း၊ ရူပီးဖြင့်ကုန်သွယ်မှုပြုခြင်း စသည့်ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များကို မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံအလိုက် ဆွေးနွေးလျက်ရှိသည်ဟုလည်း ပြောကြားထားပါကြောင်းလည်း The Economic Times က ဖော်ပြထားပါသည်။

လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းခြင်းများ ပြန်လည်စတင်နိုင်ရန်အတွက် အိန္ဒိယသည် GCC နှင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် သဘောတူညီခဲ့ပါကြောင်း၊ အိန္ဒိယသည် GCC နှင့် FTA ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများကို ၂၀၀၆ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်တို့တွင် နှစ်ကြိမ်ဆွေးနွေးခဲ့ကြသော်လည်း GCC သည် စီးပွားရေးအုပ်စုများ၊ နိုင်ငံများအားလုံးနှင့် ညှိနှိုင်း ဆွေးနွေးမှုများအားလုံးကို ရွှေ့ဆိုင်းထားသဖြင့် တတိယအကြိမ်ဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်းသိရှိရပါသည်။ 

အိန္ဒိယနိုင်ငံသည် ရေနံစိမ်းနှင့်သဘာဝဓါတ်ငွေ့မြောက်များစွာကို ဆော်ဒီအာရေဗျနှင့်ကာတာကဲ့သို့သော ပင်လယ်ကွေ့နိုင်ငံများမှ တင်သွင်းပြီး အဆိုပါနိုင်ငံများသို့ ပုလဲ၊ ကျောက်မျက်ရတနာ၊ သတ္တု၊ လျှပ်စစ်စက်ပစ္စည်း၊ သံနှင့်သံမဏိပစ္စည်းနှင့် ဓါတုပစ္စည်းများ ပြန်လည်တင်ပို့ကြောင်း The Economic Times သတင်းစာကဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံများစွာနှင့် နှစ်နိုင်ငံကုန်သွယ်မှုငွေပေးချေရေးများတွင် ပြည်တွင်းငွေကြေး ရူပီးဖြင့်ပေးချေနိုင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ လတ်တလောတွင် ဘင်္ဂလားဒေ့ရှ်၊ တန်ဇန်းနီးယားနိုင်ငံတို့နှင့် ငွေပေးချေမှုများအား စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းစာများတွင် ဖော်ပြထားချက်အရသိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အိန္ဒိယနှင့် ကုန်သွယ်မှုတွင် ပြည်တွင်းငွေကြေးများဖြစ်သည့် ရူပီး-ကျပ်ဖြင့် ပေးချေနိုင်ရေးဆောင်ရွက်နိုင်မည်ဆိုပါက ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများတွင် ပိုမိုလွယ်ကူအဆင်ပြေဆောင်နိုင်မည်ဖြစ်သဖြင့် ဆောလျင်စွာအကောင်အထည်ဖော်ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: Hope India - GCC FTA become a reality ‘very soon’: Official, The Economic Times, July 12, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News